သွေးလွန်တုပ်ကွေးရောဂါ
မိုးရာသီဖြစ်တဲ့ မေ၊ဇွန်၊ ဇူလှိုင်လတွေမှာ အဖြစ်များဆုံး သွေးလွန်တုပ်ကွေးရောဂါအကြောင်း သိကောင်းစရာများကို ဖော်ပြပေးလိုက်ပါတယ်။
• သွေးလွန်တုပ်ကွေးရောဂါခံစားရသူများအတွက် ရောဂါလက္ခဏာများက ပြင်းထန်နိုင်ပါတယ်။
• ပြင်းထန်သွေးလွန်တုပ်ကွေးရောဂါက နာရီပိုင်းအတွင်းမှာ အသက်အန္တရာယ်ရှိလာနိုင်တာကြောင့် ဆေးရုံတက်ပြီး ချက်ချင်းကုသမှု ခံယူရပါမယ်။
ရောဂါလက္ခဏာများ
• သွေးလွန်တုပ်ကွေးရောဂါရဲ့ရောဂါလက္ခဏာလေးများက တခြားဖျားနာမှုများနှင့် ရောထွေးနေနိုင်ပါတယ်။ ဖျားခြင်း၊ ကိုက်ခဲနာကျင်ခြင်းနှင့် အနီစက်များထွက်ခြင်း စသည်တို့ ဖြစ်ပါတယ်။
သွေးလွန်တုပ်ကွေးရောဂါရဲ့ အတွေ့များသော ရောဂါလက္ခဏာက အဖျားရှိခြင်းဖြစ်ပါတယ်။ နောက်ထပ်ရောဂါလက္ခဏာများကတော့
• မအီမသာဖြစ်ခြင်း၊ အော့အန်ခြင်း
• အနီစက်များထွက်ခြင်း
• နာကျင်ကိုက်ခဲခြင်း (မျက်လုံး၊ ကြွက်သား၊ အဆစ်အမြစ်၊ အရိုးများ နာကျင်ခြင်း)
• တခြားသတိထားစရာလက္ခဏာများ
သွေးလွန်တုပ်ကွေးရောဂါ၏ ရောဂါလက္ခဏာများမှာ သာမန်အားဖြင့် (၂) ရက်မှ (၇) ရက်ထိကြာပါတယ်။ လူအများစုက တစ်ပတ်လောက်ကြာပြီးနောက် ပြန်ကောင်းလာတတ်ကြပါတယ်။
ကုသမှု
• သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများကို သက်သာအောင်ကုသရပါတယ်။
• အဖျား သို့မဟုတ် သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများရှိနေလျှင် ဆရာဝန်ဖြင့် ပြသပါ။ ခရီးသွားလာမှုများအကြောင်းကိုလည်း ပြောပြရပါမယ်။
• တတ်နိုင်သမျှ များများအနားယူပါ။
• အဖျားနှင့် နာကျင်မှုကို သက်သာစေဖို့ ပါရာစီတမောကို သောက်ပါ။
• Aspirin သို့မဟုတ် ibuprofen ကို မသောက်ပါနှင့်။
• ရေဓာတ်ဖြည့်တင်းစေဖို့ ရေများများသောက်ပါ။
• သိပ်မပြင်းထန်သည့် ရောဂါလက္ခဏာများအတွက် ဖျားနာနေသည့် လူနာကို အိမ်မှာပဲ ပြုစုစောင့်ရှောက်နိုင်ပါတယ်။
သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများက နာရီအနည်းငယ်အတွင်းမှာပဲ ပြင်းထန်လာနိုင်ပါတယ်။ ပြင်းထန်သွေးလွန်တုပ်ကွေးရောဂါက အရေးပေါ် ကုသရမယ့် အခြေအနေဖြစ်ပါတယ်။
ပြင်းထန် သွေးလွန်တုပ်ကွေးရောဂါ
• သွေးလွန်တုပ်ကွေးရောဂါခံစားရသူ အယောက် (၂၀) မှာ (၁) ယောက်က ပြင်းထန်သွေးလွန်တုပ်ကွေးရောဂါဖြစ်တတ်ကြပါတယ်။
• ပြင်းထန်သွေးလွန်တုပ်ကွေးရောဂါက အတွင်းပိုင်းသွေးယိုစိမ့်ခြင်းများ ဖြစ်နိုင်ပြီး သေဆုံးနိုင်ပါတယ်။
• အတိတ်မှာ သွေးလွန်တုပ်ကွေးရောဂါရှိခဲ့ဖူးလျှင် ပြင်းထန်သွေးလွန်တုပ်ကွေးရောဂါ ဖြစ်လာနိုင်ပါတယ်။
• မွေးကင်းစကလေးနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများက ပြင်းထန်သွေးလွန်တုပ်ကွေးရောဂါအတွက် ပိုဖြစ်နိုင်ချေများပါတယ်။
ပြင်းထန်သွေးလွန်တုပ်ကွေးရောဂါ၏ ရောဂါလက္ခဏာများ
ထိုလက္ခဏာများက အဖျားပျောက်သွားပြီးနောက် (၂၄) နာရီမှ (၄၈) နာရီအတွင်းမှာ စတင်လာနိုင်ပါတယ်။ အောက်ဖော်ပြပါရောဂါလက္ခဏာများ ဖြစ်ပေါ်လာပါက ချက်ချင်းအရေးပေါ်အခန်းကို သွားရောက်ကုသမှုခံယူပါ။
• ဝမ်းဗိုက်နာခြင်း
• အော့အန်ခြင်း ( ၂၄ နာရီအတွင်း အနည်းဆုံး (၃) ကြိမ်)
• နှာခေါင်း သို့မဟုတ် သွားဖုံးမှ သွေးထွက်ခြင်း
• သွေးအန်ခြင်း သို့မဟုတ် ဝမ်းသွားလျှင်သွေးပါခြင်း
• မောပန်းပြီး အင်အားချိနဲ့နေခြင်း
ပြင်းထန်သွေးလွန်တုပ်ကွေးရောဂါကုသရန်
• ထိုရောဂါလက္ခဏာများ ဖြစ်လာပါက ဆရာဝန်ဆီ ချက်ချင်းသွားပြီး အရေးပေါ်ကုသမှု ခံယူပါ။
• ပြင်းထန်သွေးလွန်တုပ်ကွေးရောဂါသည် အရေးပေါ်အခြေအနေဖြစ်ပါတယ်။ ဆေးရုံမှာ
ချက်ချင်းကုသမှုခံယူရန် လိုအပ်ပါတယ်။
• ခရီးသွားလာနေလျှင် အနီးအနားရှိ ဆေးရုံဆေးခန်းကို အလျင်အမြန်ရှာဖွေ သွားရောက်ပါ။
#Source_WHO
#Translate_by_OSC_Hospital
#Health_tips
#OSC_Hospital

ဝမ်းချုပ်ခြင်းကိုသက်သာစေသော အစားအသောက်များ
ဝမ်းချုပ်တာက လူတိုင်း အနည်းနဲ့ အများ ဖြစ်ဖူးကြမယ် ထင်ပါတယ်။
တချို့တွေမှာ ဝမ်းချုပ်တာက တစ်ခါတလေမှ ဖြစ်တတ်ပေမယ့် တချို့တွေကျတော့ မကြာမကြာ ဝမ်းချုပ်တတ်တာတွေ ရှိပါတယ်။
ဝမ်းချုပ်ရတဲ့ အကြောင်းတွေက အများကြီး ရှိပါတယ်။
ကိုယ်စားတဲ့ အစားအစာတွေထဲမှာ ဝမ်းချုပ်စေတတ်တဲ့ အစားအစာတွေ ပါတာ
ဒါမှမဟုတ် ဝမ်းမှန်စေဖို့ ကူညီပေးတဲ့ အစားအစာတွေ မစားဖြစ်တာ
ရေသောက်နည်းတာ
ကိုယ်လက်လှုပ်ရှားမှု နည်းတာ
ဆေးတချို့ရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် ဝမ်းချုပ်တာ စသဖြင့် အမျိုးမျိုး ရှိပါတယ်။
ဒီဆောင်းပါးလေးမှာတော့ ဝမ်းချုပ်တာကို ကာကွယ်နိုင်တဲ့ အစားအစာတွေကို ပြောပြပေးသွားပါမယ်။
၁။ သစ်တော်သီး
သစ်တော်သီးမှာ အမျှင်ဓာတ် နဲ့ ရေဓာတ် ကြွယ်၀တဲ့အတွက် ၀မ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
၂။ ဖရဲသီး
ဖရဲသီးမှာ အမျှင်ဓာတ် အများအပြား မပါပေမယ့် ရေဓာတ် အများကြီး ပါတဲ့အတွက် အူလမ်းကြောင်း လှုပ်ရှားမှုကို အားပေးခြင်းအားဖြင့် ၀မ်းမချုပ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
၃။ ပန်းသီး
အမျှင်ဓာတ် များများပါတဲ့ အသီး နောက်တစ်မျိုးကတော့ ပန်းသီးပါ။
ပန်းသီးမှာ ရေမှာ မပျော်၀င်တဲ့ အမျှင်ဓာတ် (Insoluble fiber)ရော၊ ရေမှာ ပျော်၀င်တဲ့ အမျှင်ဓာတ် (Soluble fiber)ပါ ပါ၀င်ပါတယ်။
Insoluble fiber က ၀မ်းမချူပ်အောင် ကာကွယ်ပေးနိုင်သလို Soluble fiber က သွေးတွင်းအဆီဓာတ်ကို လျော့ကျစေနိုင်တဲ့ အာနိသင်တွေ ရှိတာကြောင့် စားပေးသင့်ပါတယ်။
၄။ ကီဝီသီး
၀မ်းချုပ်ခြင်းကို ကာကွယ်ပေးဖို့ စားပေးသင့်တဲ့ အသီးထဲမှာ ကီဝီသီးလည်း အပါအ၀င်ပါပဲ။
သူ့မှာ အမျှင်ဓာတ် ကြွယ်၀တဲ့အပြင် Actinidain လို့ ခေါ်တဲ့ အင်ဇိုင်းတစ်မျိုးပါတဲ့အတွက် အူလမ်းကြောင်း လှုပ်ရှားမှုကို ကောင်းမွန်စေပြီး ၀မ်းမှန်စေနိုင်တဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။
၅။ လိမ္မော်သီး
လိမ္မော်သီးက ဗီတာမင် စီ ကြွယ်၀စွာပါတဲ့အတွက် ကိုယ်ခံအားကောင်းစေတဲ့အပြင် အမျှင်ဓာတ်တွေလည်း များစွာပါတာကြောင့် ၀မ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ အစွမ်းသတ္တိလည်း ရှိပါတယ်။
၆။ ဟင်းနုနယ်
ဟင်းနုနယ်မှာ အမျှင်ဓာတ် ကြွယ်၀တဲ့အတွက် ၀မ်းချုပ်တတ်သူတွေအတွက် စားပေးသင့်တဲ့ အရွက်တစ်မျိုးပါပဲ။
ဟင်းနုနယ်ကို ကြော်စားတာ အပြင် သုပ်စားတာမျိုး၊ ဟင်းချိုထဲ ထည့်စားတာမျိုးလည်း လုပ်ပေးလို့ ရပါတယ်။
၇။ ပန်းမုန်လာစိမ်း
အခုဆို ပန်းမုန်လာစိမ်းကို တော်တော်များများ စားလာကြတာ တွေ့ရပါတယ်။
ပန်းမုန်လာစိမ်းကလည်း အမျှင်ဓာတ် အများကြီးပါလို့ အူလမ်းကြောင်း ကျန်းမာရေး ကောင်းမွန်စေတဲ့ အာနိသင် ရှိပါတယ်။
၈။ ကန်စွန်းဥ
ကန်စွန်းဥက ဗီတာမင် အေ ကြွယ်၀တဲ့အပြင် အမျှင်ဓာတ်လည်း ကြွယ်၀တာကြောင့် ၀မ်းချုပ်တဲ့ ပြဿနာကို တစ်ဖက်တစ်လမ်းကနေ သက်သာအောင် ကူညီပေးနိုင်ပါတယ်။
၉။ ဗာဒံစေ့
ဗာဒံစေ့က အမျှင်ဓာတ် များများပါတဲ့အတွက် ၀မ်းချုပ်တာကို ကာကွယ်ပေးနိုင်ပါတယ်။
ဗာဒံစေ့ကို ဒီတိုင်း စားလို့ ရသလို ဒိန်ချဥ်၊ ချိစ် စတာတွေနဲ့ တွဲပြီး စားပေးနိုင်ပါတယ်။
၁၀။ ဒိန်ချဥ်
ဒိန်ချဥ်မှာ အစာအိမ်အူလမ်းကြောင်းအတွက် အကျိုးပြု ဘက်တီးရီးယားတွေ ပါတဲ့အတွက် ၀မ်းချုပ်တာ ကာကွယ်နိုင်ပြီး အူလမ်းကြောင်း ကျန်းမာရေးကောင်းမွန်စေပါတယ်။
ကျန်းမာပျော်ရွှင်ကြပါစေ။
Christine
M.B.,B.S (Ygn)
M.Sc Nutrition and Dietetics Candidate
related articles (ဒါလေးတွေလည်းဆက်ဖတ်ပေးပါ)

သွေးလွန်တုပ်ကွေးရောဂါ
Read More

မကြာခဏ ဆီးသွားရသည့် အကြောင်းအရင်းများ
Read More

#Ari_Con_လေအေးပေးစက်၏ ဆိုးကျိုးများ
Read More