24-HOUR SERVICE
01 - 4706622
| 09 43208326
ISO Certification

Health Tips

ခွဲစိတ်ပြီးနောက် မလုပ်သင့်သည့်အရာများ

ခွဲစိတ်ပြီးနောက် မလုပ်သင့်သည့်အရာများ

ခွဲစိတ်ခြင်းဆိုတာ ဘဝမှာ တစ်ချိန်မဟုတ် တစ်ချိန် ကြုံတွေ့လာရနိုင်ပါတယ်။ အသေးစိတ်ခွဲစိတ်မှုကနေ အကြီးစားခွဲစိတ်မှုတွေအထိ ကြုံတွေ့လာရနိုင်ပါတယ်။ ခွဲစိတ်မှုကို အောင်မြင်စေဖို့ ကြိုတင်ပြင််ဆင်ထားခြင်းက အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ သင်နေပြန်ကောင်းလာစေဖို့ လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်တွေကို ကန့်သတ်ထိန်းချုပ်ထားခြင်းတွေလည်း အပါအဝင်ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ခွဲစိတ်မှုပြုလုပ်ပြီးချိန်မှာ သင်မလုပ်ဆောင်သင့်သည့် အရာများကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

▶️မေ့ဆေးဖြင့်ခွဲစိတ်ပြီးနောက် အချိန်အတိုင်းအတာတစ်ခုအထိ ကားမမောင်းပါနှင့်။

ခွဲစိတ်ပြီးနောက် မလုပ်သင့်သည့်အရာတစ်ခုကတော့ ကားမောင်းခြင်းပါပဲ။ မေ့ဆေးဖြင့် ခွဲစိတ်တာဖြစ်တာကြောင့် နိုးထလာပြီးနောက်မှာတောင် သင်ဟာ ဆေးအရှိန်အောက်မှာ ရောက်ရှိနေပြီး အပြည့်အဝပြန်လည်ကောင်းမွန်ဖို့ အချိန်ယူဖို့ လိုအပ်ပါတယ်။ သင်ဟာ ပုံမှန်အတိုင်း ကောင်းမွန်နေတယ်လို့ ထင်နေရရင်တောင် ဆေးအရှိန်ကြောင့် အာရုံကြောစနစ်များနှင့် အသိစိတ်များဟာ ပုံမှန်အတိုင်းမဖြစ်နိုင်သေးပါဘူး။

တစ်ချို့သော ခွဲစိတ်မှုများ လုပ်ဆောင်ပြီးနောက် ရက်သတ္တပတ်များစွာထိအောင် ကားမမောင်းသင့်ပါဘူး။

ခွဲစိတ်မှုမှာ မေ့ဆေးပါနေတယ်ဆိုရင် ဆေးအရှိန်မပြယ်သေးသည့်တိုင်အောင် ကားမမောင်းသင့်ဘူးဆိုတာ သင်သိမှာပါ။ သို့သော် တစ်ချို့သော အခြေအနေများမှာ ရက်သတ္တပတ်များစွာ ကြာသည်အထိ ကားမမောင်းသင့်တာမျိုး ရှိနေပါတယ်။ ဒါကတော့ ခွဲစိတ်မှု အမျိုးအစားအပေါ်မှာ မူတည်နေပါတယ်။ သင့်ခြေထောက်လှုပ်ရှားမှုများကို နှောက်ယှက်ပေးနိုင်သည့် ခွဲစိတ်မှုမျိုး ဖြစ်နေလျှင် ရက်သတ္တပတ်များစွာ ကြာသည်အထိ ကားမောင်းလို့ မရပါဘူး။

သို့သော် ဘေးကင်းစိတ်ချရတဲ့ ကားမောင်းခြင်း ဖြစ်စေဖို့ ခြေထောက်သာမက၊ လက်မောင်း၊ ပုခုံး၊ လည်ပင်းနှင့် တစ်ကိုယ်လုံးကို အပြည့်အဝအသုံးပြုနိုင်ဖို့ လိုအပ်ပါတယ်။ ဥပမာ ရင်သားကင်ဆာ ခွဲစိတ်မှုဆိုလျှင် လက်မောင်းအောက်ဘက်မှ အကျိတ်ကို ခွဲထုတ်ရတာ ဖြစ်တာကြောင့် ရက်သတ္တတစ်ပတ်မှ (၁၀) ရက်ခန့်အထိ ကားမောင်းလို့ မရပါဘူး။

▶️သင့်ဆရာဝန်က အကြံပြုထားသည့် အသက်ရှူလေ့ကျင့်ခန်းကို ပုံမှန်လုပ်ဖို့ မမေ့ပါနှင့်။
အသက်ရှူလမ်းကြောင်းစနစ်ကို တိုက်ရိုက်ထိခိုက်စေနိုင်သည့် ခွဲစိတ်မှုမျိုးကို သင်လုပ်ခဲ့လျှင် (ဥပမာ နှလုံး၊ အဆုတ် သို့မဟုတ် ဝမ်းဗိုက်ခွဲစိတ်မှုများ) သင့်ဆရာဝန်က ခွဲစိတ်မှုအပြီး လုပ်ဆောင်ရမည့် အသက်ရှူလေ့ကျင့်ခန်းကို ပြောပြပေးပါလိမ့်မယ်။ ခွဲစိတ်မှုများက အသက်ရှူခြင်းနှင့် အဆုတ်ကို အချိန်အတိုင်းအတာတစ်ခုအထိတော့ မသက်မသာဖြစ်စေမှာပါပဲ။ ထိုမသက်မသာမှုကနေ အသက်ပြင်းပြင်းမရှူမိခြင်း သို့မဟုတ် ချောင်းဆိုးခြင်း စသည်တို့ဖြစ်လာစေနိုင်ပါတယ်။ ဒီလိုဆိုရင်တော့ အဆုတ်ထဲမှာ အချွဲတွေစုလာပြီး အဆုတ်ပိုးဝင်ခြင်းအထိ ဖြစ်လာစေနိုင်ပါတယ်။

ခွဲစိတ်ပြီးနောက် လုပ်ဆောင်ဖို့ အသက်ရှူလေ့ကျင့်ခန်းပေးလိုက်လျှင် ထိုလေ့ကျင့်ခန်းကို မပျက်မကွက် မှန်မှန်လုပ်ပေးခြင်းက အကောင်းဆုံး ဖြစ်ပါတယ်။

▶️ခွဲစိတ်ပြီးနောက် ဆေးလိပ်မသောက်ပါနှင့်။
ဆေးလိပ်သောက်တတ်သူတစ်ယောက်ဆိုလျှင် ခွဲစိတ်မှု လုပ်ပြီးလျှင် ဆေးလိပ်ဖြတ်ဖို့ ဆရာဝန်က အကြံပေးပါလိမ့်မယ်။ ဆေးလိပ်သောက်ခြင်းဟာ နှလုံးကို ဖိအားများစေတာမို့ သွေးလည်ပတ်မှုကို အနှောက်အယှက်ဖြစ်စေပြီး သွေးတိုးခြင်းဖြစ်လာစေနိုင်သလို အဆုတ်အပေါ်မှာလည်း မလိုလားအပ်တဲ့ ဖိအားတွေ ဖြစ်လာစေနိုင်ပါတယ်။ ခန္ဓာကိုယ်တွင်းရှိ အောက်စီဂျင်လယ်ဗယ်ကို လျော့ကျစေနိုင်ပါတယ်။ ခန္ဓာကိုယ်က ပြန်လည်ကောင်းမွန်ဖို့ လုပ်ဆောင်နေချိန်မှာ ဆန့်ကျင်ဘက်တွေပဲ ဖြစ်လာပါလိမ့်မယ်။ ခွဲစိတ်မှုအပြီး ပိုးဝင်ခြင်းအထိ ဖြစ်လာစေနိုင်တာကြောင့် လုံးဝမသောက်သင့်ပါဘူး။

▶️ခွဲစိတ်ပြီးနောက် အလျင်စလို ပုံမှန်အတိုင်းမစားသောက်ပါနှင့်။
လူအများစုဟာ ခွဲစိတ်မှုမတိုင်ခင် မစားမသောက်ဖို့ ဆရာဝန်က ညွှန်ကြားထားတာကြောင့် ဗိုက်ဟောင်းလောင်းနဲ့ ခွဲခန်းဝင်ခဲ့ရပါတယ်။ ဒီလို မစားသောက်ခိုင်းတာက သင့်ကို မအီမသာမဖြစ်စေဖို့နဲ့ အဆုတ်ကို ရှင်းလင်းနေစေဖို့ ဖြစ်ပါတယ်။ မေ့ဆေးပါဝင်တဲ့ ခွဲစိတ်မှု လုပ်မယ်ဆိုရင် ခွဲစိတ်မှုပြီးနောက် စားသောက်မှုကိုပါ ကန့်သတ်ထားပါလိမ့်မယ်။ အစာမာမာများကို မစားသုံးခင်မှာ သင့်အစာချေစနစ်ဟာ ကောင်းစွာ အလုပ်လုပ်ရဲ့လားဆိုတာကို သေချာသိဖို့ လိုအပ်ပါတယ်။ ရေဓာတ်မခန်းခြောက်စေဖို့ ရေသောက်ဖို့ဟာ အရေးကြီးပေမဲ့ အရည်ကို ဖြေးဖြေးချင်း သောက်ပေးရပါမယ်။

အစားအသောက်အမာတွေကို ပြန်စားမယ်ဆိုရင်တော့ ဝမ်းချုပ်ခြင်းကဲ့သို့ အစာချေပြဿနာများ ဖြစ်စေနိုင်သည့် အစားအသောက်များကို ရှောင်ရှားခြင်းက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

▶️ခွဲစိတ်ပြီးနောက် အယ်လ်ကိုဟော ပါဝင်သည့် အချိုရည်များကို မသောက်ပါနှင့်။
သင်ဟာ ခွဲစိတ်ခန်းမှာ အောင်မြင်ပြီး ထွက်လာနိုင်တာကြောင့် အောင်ပွဲခံတဲ့အနေနဲ့ သောက်ဖို့ စိတ်ကူးမိနိုင်ပါတယ်။ သို့သော် ခွဲစိတ်ပြီးနောက်မှာ အယ်လ်ကိုဟော ပါဝင်တဲ့ အချိုရည်တွေကို မသောက်သုံးသင့်ပါဘူး။ ပထမဆုံးအနေဖြင့် အယ်လ်ကိုဟောဟာ ကိုယ်ခံအားစနစ်ကို ထိခိုက်စေပါတယ်။ ဒါကတော့ နောက်ဆက်တွဲ ရောဂါပိုးဝင်ခြင်းများ ဖြစ်လာစေနိုင်ပါတယ်။ ဒုတိယအချက်အနေဖြင့် အယ်လ်ကိုဟောဟာ ခန္ဓာကိုယ်ကို ရောင်ရမ်းခြင်းများ ဖြစ်လာစေနိုင်ပါတယ်။ အထူးသဖြင့် ခွဲစိတ်ထားတဲ့ နေရာမှာ အနာမကျက်ဖြစ်နေနိုင်ပါတယ်။

ထို့အပြင် အယ်လ်ကိုဟောဟာ ရေဓာတ်ခန်းခြောက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ နောက်ဆုံးအနေဖြင့် အယ်လ်ကိုဟောဟာ အာရုံကြောစနစ်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။

▶️သောက်ရမည့်ဆေးများ သောက်ဖို့ မမေ့ပါနှင့်။
ခွဲစိတ်မှုအားလုံးဟာ ခွဲစိတ်တဲ့နေရာမှာ ပိုးဝင်နိုင်တဲ့ အန္တရာယ်တွေ ရှိနေနိုင်ပါတယ်။ အဖြစ်များဆုံး ပိုးဝင်ခြင်းကတော့ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း ဖြစ်ပါတယ်။ ဒုတိယမြောက်က ခွဲစိတ်ထားသည့် နေရာ ပိုးဝင်ခြင်း ဖြစ်ပါတယ်။
ဒါကြောင့် ဆရာဝန်ညွှန်ကြားထားသည့် ဆေးများကို သောက်သုံးဖို့က အရေးကြီးပါတယ်။ သင်ဟာ နေထိုင်ကောင်းသွားပြီဟု ယူဆပြီး ပေးလိုက်သည့် ဆေးများကို မသောက်သုံးဘဲ မနေပါနှင့်။

▶️ခွဲစိတ်ထားသည့်နေရာကို ဖိအားအလွန်အကျွံမပေးပါနှင့်။
ခွဲစိတ်ထားသည့်နေရာကို ချုပ်ရိုးများဖြင့် ချုပ်ထားတာပါ။ သို့သော် တစ်ချို့သော အကြောင်းအရင်းများကြောင့် ချုပ်ရိုးပြေခြင်းများ ဖြစ်လာတတ်ပါတယ်။ ထိုကဲ့သို့ ဖြစ်လာလျှင် ရောဂါပိုးဝင်ခြင်းများ ဖြစ်လာနိုင်ပါတယ်။ အဝလွန်ခြင်း၊ ဆီးချို၊ သွေးတိုးနှင့် သွေးလည်ပတ်မှုကို ထိခိုက်စေနိုင်သည့် အခြားသော အခြေအနေများစသည့် ကျန်းမာရေးပြဿနာများလည်း ပါဝင်ပါတယ်။ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ အော့အန်ခြင်း သို့မဟုတ် ဝမ်းသွားခြင်း စသည့်တို့ကြောင့်လည်း ချုပ်ရိုးပြေနိုင်ပါတယ်။ ထိုအခြေအနေများဟာ ရှောင်လွှဲလို့ မရနိုင်တာကြောင့် ဖြစ်နိုင်ချေများကို လျှော့ချသင့်ပါတယ်။ အမျှင်ဓာတ်မြင့်မားသည့် အစားအသောက်များကို စားသုံးပေးခြင်းဖြင့် ဝမ်းချုပ်ခြင်း မဖြစ်အောင် ရှောင်ရှားလို့ ရပါတယ်။

▶️ဆရာဝန်က ခွင့်ပြုချက်ပေးသည့်အချိန်ထိအောင် လေ့ကျင့်ခန်း လုံးဝမလုပ်ပါနှင့်။
သင့်ဆရာဝန်က ခွဲစိတ်ပြီးနောက် အသက်ရှူလေ့ကျင့်ခန်းနှင့် ခဏတာလမ်းလျှောက်ပေးခြင်း စသည့် လေ့ကျင့်ခန်းများကို အကြံပြုကောင်းပြုနိုင်ပါတယ်။ သို့သော် ဒါဟာ မခွဲစိတ်မီကလို လေ့ကျင့်ခန်းများ လုပ်ဆောင်နိုင်သည်ဟု ယူဆလို့ မရနိုင်ပါဘူး။ လှုပ်ရှားမှုတွေကို မြန်မြန်ဆန်ဆန် လုပ်ဆောင်မိလျှင် ချုပ်ရိုးကွဲခြင်းများ ဖြစ်လာနိုင်ပါတယ်။ သင့်ဆရာဝန်က သင့်ခွဲစိတ်မှု၊ အသက်အရွယ်၊ ကျန်းမာရေးအခြေအနေနှင့် အခြားသော အချက်အလက်များ အပေါ် မူတည်ပြီး အကြံပြုချက်များကို ပေးပါလိမ့်မယ်။

▶️ခွဲစိတ်ပြီးနောက် အလုပ်ချက်ချင်းမလုပ်ပါနှင့်။
အသေးစားခွဲစိတ်မှု ဖြစ်နေလျှင်တောင် ပြန်လည်ကောင်းမွန်ဖို့ အချိန်လိုအပ်ပါတယ်။ လေ့ကျင့်ခန်း ချက်ချင်းမလုပ်သင့်သလို လုပ်ငန်းခွင်လည်း ချက်ချင်း မဝင်သင့်ပါဘူး။ အပြင်မှာ လုပ်ဆောင်ရသည့် အလုပ်မျိုး ဆိုလျှင် ပိုးဝင်နိုင်ချေ ရှိပါတယ်။

▶️ခွဲစိတ်ပြီးနောက် နာကျင်မှုများ ခံစားနေရလျှင် လစ်လျှူမရှုထားပါနှင့်။
ခွဲစိတ်ပြီးလျှင် မသက်မသာဖြစ်မှုတွေကတော့ ရှိနေမှာပါပဲ။ သို့သော် နာကျင်မှုက သက်သာမသွားဘဲ ပိုဆိုးနေမယ်ဆိုရင် ဒါကို လစ်လျှုရှုမထားဘဲ ဆရာဝန်နှင့် ပြသပါ။ ထိုကဲ့သို့ နာကျင်နေမှုများက ခွဲစိတ်ပြီးနောက်ဆက်တွဲ ပြဿနာများ ဖြစ်လာစေနိုင်ပါတယ်။ ထိုကဲ့သို့ ဆက်တိုက်နာကျင်နေလျှင် အနာကျက်သည့် လုပ်ငန်းစဉ်ကို လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။