24-HOUR SERVICE
01 - 4706622
| 09 43208326
ISO Certification

Health Tips

အူကင်ဆာလက္ခဏာ (၄) မျိုး

ကင်ဆာဆိုတာက လူကို စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်စေပြီး အသက်အန္တရာယ်ရှိသည့် ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ကင်ဆာဟာ လူ့ခန္ဓာကိုယ်ထဲမှာ ပုံစံမျိုးစုံနဲ့ ရှိနေတတ်ကြပြီး နေရာတိုင်းမှာ ဖြစ်ပေါ်နိုင်ပါတယ်။ ကင်ဆာဆဲလ်များဖွံ့ဖြိုးကြီးထွားလာနိုင်သည့် အန္တရာယ်က ထိတ်လန့်စရာကောင်းတာကြောင့် ခွဲစိတ်ဖို့က ပိုပြီး ခက်ခဲနိုင်ပါတယ်။ အူကင်ဆာဆိုတာက ခန္ဓာကိုယ်ထဲရှိ ဝမ်းဗိုက်ထဲမှာ တွေ့ရတတ်သည့် ကင်ဆာတစ်မျိုး ဖြစ်ပါတယ်။


အချိန်ကာလတစ်ခု ကြာပြီးတဲ့နောက်မှာ ကင်ဆာဆဲလ်များက ကြီးထွားလာပြီးတော့ အူထဲမှာ အကျိတ်ပုံစံ ဖြစ်လာပါတယ်။ ဒါကတော့ ကျန်းမာရေးပြဿနာအမျိုးမျိုး ဖြစ်လာစေနိုင်ပါတယ်။ အူကင်ဆာဟာ လူရဲ့ အစာချေစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ အရမ်းနောက်မကျခင်မှာ‌ တွေ့ရှိပြီး ကုသလို့ ရနိုင်ပါတယ်။ လူတစ်ယောက်မှာ အူကင်ဆာရှိနေလားဆိုတာကို ပြောလို့ရနိုင်တဲ့ လက္ခဏာ (၄) မျိုး ရှိပါတယ်။

၁။ အူမကြီးပုံစံပြောင်းလဲလာခြင်း
အူမကြီးပြဿနာများက တစ်ယောက်ယောက်မှာ ကင်ဆာရှိနေလားဆိုတာကို ပြောပြနိုင်တဲ့ အသိသာဆုံးသော လက္ခဏာတစ်ခု ဖြစ်ပါတယ်။ တစ်စုံတစ်ယောက်ဟာ ဝမ်းသွားရခက်ခြင်း သို့မဟုတ် အစာမကြေခြင်း စသည်တို့ ဖြစ်နေလျှင် ကင်ဆာဖြစ်နိုင်သည့် အန္တရာယ် ပိုမြင့်မားပါတယ်။ အူကင်ဆာရှိသူများက ဗိုက်အောင့်ပြီး ဝမ်းသွားရခက်သည့် ပြဿနာများနှင့် ရင်ဆိုင်ရတတ်ပါတယ်။ တစ်ချို့သူများက ဝမ်းလျှောတတ်ကြပါတယ်။ ဒီပြဿနာဟာ အရမ်းကြာနေပြီဆိုရင်တော့ ဆရာဝန်နှင့် တိုင်ပင်ကြည့်လိုက်ပါ။ အူကင်ဆာကြောင့် နောက်ထပ်ဖြစ်တတ်သည့် ပြဿနာတစ်ခုကတော့ ပုံမှန်မဟုတ်သည့် ဝမ်းသွားခြင်းပဲ ဖြစ်ပါတယ်။ မစင်ပုံစံ ပြောင်းလဲမှုများ တွေ့နေလျှင် ဆရာဝန်နှင့် ချက်ချင်းပြသသင့်ပါတယ်။

၂။ ရှင်းပြမရနိုင်သည့် သွေးအားနည်းရောဂ
အူထဲမှာ ကင်ဆာဆဲလ်များ ဖြစ်ပေါ်နေသည့်အစပိုင်းမှာ လူတွေက သိပ်သတိမထားမိကြပါဘူး။ အူကင်ဆာရဲ့ အသိသာဆုံးလက္ခဏာတစ်ခုကတော့ သွေးအားနည်းခြင်းပါပဲ။ သွေးအားနည်းရောဂါဆိုတာ ခန္ဓာကိုယ်ရှိ သွေးနီဥဆဲလ်များ ဆုံးရှုံးသွားခြင်း ဖြစ်ပါတယ်။ အူထဲမှာ အကျိတ်ပေါက်လာတာကြောင့် ခန္ဓာကိုယ်က သွေးတွေလျော့ကျသွားတာ ဖြစ်ပါတယ်။ သွေးအားနည်းရောဂါ၏ လက္ခဏာများမှာ အသက်ရှူမဝခြင်း၊ တစ်ချိုန်လုံးမောပန်းနွမ်းနယ်နေခြင်း၊ ဖြူဖပ်ဖြူရော်ဖြစ်ခြင်း စသည်တို့ ဖြစ်ပါတယ်။ သွေးဆုံးရှုံးရခြင်းက အသက်ဆုံးရှုံးရသည်အထိ ဖြစ်နိုင်တာမို့ တတ်နိုင်သမျှ ဆရာဝန်နှင့် အမြန်ဆုံးကုသခြင်းက အကောင်းဆုံးဖြစ်ပါတယ်။

၃။ အစားစားချင်စိတ်ပျောက်ဆုံးခြင်း
အူကင်ဆာရှိသူများက အစားစားချင်စိတ်ပျောက်ဆုံးသွားတတ်ကြပါတယ်။ ဥပမာ တစ်ရက်ကို (၃) ကြိမ်စားလေ့ရှိတဲ့သူတစ်ယောက်ဟာ (၁) ကြိမ်၊ (၂) ကြိမ်ပဲ စားလေ့ရှိပါတော့တယ်။ စားသောက်မှုပုံစံ ဒီလို ပြောင်းလဲသွားပြီဆိုရင်တော့ အူကင်ဆာ ဖြစ်နိုင်ချေများပါတယ်။ အကျိတ်ကြောင့် အစားအသောက်က အူထဲမှာ မဖြတ်သန်းသွားနိုင်တော့တာကြောင့် ဖြစ်ပါတယ်။ သူတို့ဟာ ဗိုက်ပြည့်သလို ခံစားရပြီး အစားစားနေတာတွေ ရပ်တန့်လိုက်ပါတယ်။ ဝမ်းချုပ်ခြင်းကလည်း အစားစားချင်စိတ်ကို ပျောက်ဆုံးသွားစေနိုင်ပါတယ်။ အူကို ထိခိုက်စေမှာစိုးလို့ အစားမစားခြင်းဟာလည်း ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ ကင်ဆာလူနာများအတွက် ကောင်းမွန်တဲ့ အစားအသောက်တွေ အများကြီးရှိပါသေးတယ်။

၄။ စအိုမှသွေးထွက်ခြင်း
စအိုမှ သွေးထွက်ခြင်းကတော့ အူကင်ဆာရှိနေသည့် လက္ခဏာတစ်ခု ဖြစ်ပါတယ်။ အူထဲက အကျိတ်ကြောင့် သွေးအလွန်အကျွံထွက်ခြင်းဖြစ်ပြီး သွေးများဆုံးရှုံးသွားနိုင်ပါတယ်။ ဒါကတော့ ဆရာဝန်နှင့် ချက်ချင်းပြသသင့်သည့် လက္ခဏာတစ်ခု ဖြစ်ပါတယ်။ ကင်ဆာမဟုတ်တာလည်း ဖြစ်နိုင်ပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ ဆရာဝန်နှင့် တိုင်ပင်ကြည့်ပါ။ အများစုက ဆရာဝန်ဆီကို ချက်ချင်းမသွားချင်ဘဲ ကြန့်ကြာနေတာကြောင့် ကင်ဆာဟာ ခန္ဓာကိုယ်ထဲမှာ ပိုဆိုးသွားနိုင်ပါတယ်။