24-HOUR SERVICE
01 - 4706622
| 09 43208326
ISO Certification

Women's and Child Wellness

Menstrual Cycle and Mental health

“Menstruation is Beautiful” လို့တောင် တင်စားထားကြတဲ့ လစဥ်ဓမ္မတာသွေးဆင်းခြင်းဟာ အမျိုးသမီးအများစု အတွက်တော့ ခက်ခဲပင်ပန်းစွာ ဖြတ်ကျော်ရလေ့ရှိတဲ့ အခိုက်အတန့်တွေဖြစ်ပါတယ်။ ဓမ္မတာမဆင်းခင် ၁ ပတ်၊ ၂ပတ်အလိုလောက်ထဲက ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ရင်သားနှင့် ၀မ်းဗိုက် နာကျဥ်မှုများဖြစ်ပေါ်ခြင်း၊ ပင်ပန်း နွမ်းနယ်ခြင်း စတဲ့ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာတွေသာမက စိတ်ဖိစီး ပင်ပန်းမှုတွေ၊ Mood Swingsတွေ စတဲ့ စိတ်ကျန်းမာရေးရိုက်ခတ်မှုတွေကိုပါ ခံစားကြရတာဖြစ်ပါတယ်။ ဒါကို PMS (Premenstrual Syndrome) လို့ခေါ်ပါတယ်။

PMS ဘာကြောင့် ဖြစ်ရသလဲ ?

အမျိုးသမီးတွေ ဘာကြောင့် PMSဖြစ်ရသလဲဆိုရင် ဟော်မုန်းပြောင်းလဲခြင်းကြောင့်ဖြစ်ပါတယ်။ ‘မ’မျိုးဥကြွေချိန်မှာ Female Sex Hormoneတွေ ဖြစ်ကြတဲ့ Estrogen နဲ့ Progesterone Hormoneတွေဟာ ထိုးကျသွားလေ့ရှိပါတယ်။ ဒီလို ဟော်မုန်းတွေ ထိုးကျသွားခြင်းက ဦးနှောက်ထဲမှာ Serotoninလို့ခေါ်တဲ့ Happiness Hormone ထုတ်လုပ်မှုကို လျော့ကျသွားစေပါတယ်။ Serotonin level လျော့ကျသွားခြင်းက အမျိုးသမီးတွေ ဓမ္မတာမလာမီမှာ ခံစားရလေ့ရှိတဲ့ PMS Symptomsတွေကို ဖြစ်ပေါ်စေတာဖြစ်ပါတယ်။ PMSနှင့် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ စိတ်အတက်အကျမြန်ခြင်း Mood Swings ရခြင်း ၀မ်းနည်း အားငယ်လွယ်ခြင်း စိတ်ဆတ်ခြင်း၊ ဒေါသထွက်လွယ်ခြင်း နုံးနယ် ပင်ပန်းခြင်း စိတ်ဓာတ်ကျခြင်း စိုးရိမ်ပူပန်မှု၊ စိတ်ဖိစီးမှုများပြားခြင်း တို့ကို ဖြစ်ပေါ်စေပါတယ်။

PMS လက္ခဏာတွေဟာ ပိုပြီး ဆိုးရွားပြင်းထန်သွားမယ်ဆိုရင်တော့ PMDD (Premenstrual Dysphoric Disorder) ဓမ္မတာမလာမီ စိတ်ကစဥ့်ကလျားဖြစ်ခြင်း ကိုပါ ဖြစ်ပေါ်စေနိင်ပါတယ်။ ဒီလိုရောဂါလက္ခဏာ ပြင်းထန်လာမယ်၊ တစ်နေကုန် ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိလောက်အောင် စိတ်ဓာတ်ကျလာမယ်၊ suicidal thoughtတွေပါ ၀င်လာမယ်ဆိုရင်တော့ သက်ဆိုင်ရာ ဆရာ၀န်နှင့် ဆွေးနွေးကုသမှု ခံယူ ဖို့လိုအပ်ပါတယ်။

PMS ကာလကို ကျန်းမာ ပျော်ရွှင်စွာ ဘယ်လို ကျော်ဖြတ်ကြမလဲ ?

Self-Care သေချာလုပ်ပေးပါ။ စိတ်ရော လူပါ ကောင်းကောင်း အနားယူပါ။ စိတ်ကို ပျော်စေမယ့် ၀ါသနာပါရာ အလုပ်လေးတွေလုပ်ပါ။ အာဟာရပြည့်၀သော အစားအသောက်များကို စားသောက်ပေးပါ။ အထူးသဖြင့် Calcium နဲ့ Vitamin B6 ကြွယ်၀သော အစားအစာများကို စားပေးပါ။ တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုပြုပါ။ ရာသီလာစဥ် ကိုက်ခဲခြင်းနဲ့ စိတ်ဖိစီးမှုများကို ကျဆင်း သက်သာစေဖို့အတွက် Chamomile Teaကဲ့သို့သော Herbal Teaများကို သောက်သုံးပေးပါ။ ရေများများသောက်ပါ။ ကောင်းစွာ အိပ်စက်အနားယူပါ။ ယောဂ ကဲ့သို့သော မပြင်းထန်သော ကိုယ်လက်လှုပ်ရှား အားကစားများကို ပုံမှန်ပြုလုပ်ပေးပါ။ စိတ်ဖိစီးမှုတွေကို သက်သာစေဖို့ တရားထိုင်ပါ၊ စာအုပ်ဖတ်ပါ။ Aromatherapy ရနံ့ကုထုံး များကလည်း PMSကြောင့်ဖြစ်တဲ့ စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျမှုကိုတွေကို သက်သာစေပါတယ်။ ဒါကြောင့် ကိုယ့်အခန်းထဲမှာ Essential Oil Diffuser လေးဖွင့်ထားတာ၊ Scented Candleလေးတွေ ထွန်းပေးခြင်းအားဖြင့်လည်း Mood Enhancing ဖြစ်စေမှာပါ။

ဓမ္မတာသွေးဆင်းခြင်းဆိုတာ ကျွန်မတို့ အမျိုးသမီးတွေအတွက် လစဥ်ကြုံတွေ့နေကြရမယ့် အရာပါ။ ဓမ္မတာသွေးဆင်းခြင်းဟာ ရွံစရာ အညစ်အကြေးမဟုတ်ပါ။ ရှက်စရာ ကိစ္စမဟုတ်ပါ။ ဘယ်လောက်ပဲ ခက်ခဲပင်ပန်းရပါတယ်ပြောပြော အမျိုးသမီးတိုင်းအတွက် ဓမ္မတာသွေးဆင်းခြင်းဟာ လှပတဲ့ အရာတစ်ခုပါ။ အမျိုးသမီးဆိုတဲ့ ဖြစ်တည်မှုအတွက် လှပဂုဏ်ယူစရာကောင်းတဲ့ ဖြစ်တည်မှု တစ်ခုပါ။ အမျိုးသမီးလေးများအားလုံး PMS ကာလကို စိတ်ရောလူပါ ကျန်းမာစွာ ဖြတ်ကျော်နိုင်ပြီး ကျန်းမာ ပျော်ရွှင်တဲ့ Periodလေးကို ကိုယ်စီ ပိုင်ဆိုင်နိုင်ကြပါစေ။

စူးရှမေ