24-HOUR SERVICE
01 - 4706622
| 09 43208326
ISO Certification

Women's and Child Wellness

အမျိုးသမီးတိုင်းအတွက် Folic Acid (ဖောလစ်အက်စစ်)

Folic Acid သည် အမျိုးသမီးများအတွက် များစွာအကျိုးပြုပြီး မရှိမဖြစ်လိုအပ်သော ဓာတ်တစ်မျိုးဖြစ်ပါတယ်။ အထူးသဖြင့် ကိုယ်၀န်ဆောင်ရန် အစီအစဥ်ရှိသည့် အမျိုးသမီးများ၊ ကိုယ်၀န်ဆောင် မိခင်လောင်းများမှာ Folic Acid သည် ပိုပြီး အရေးကြီးပါတယ်။

Folic Acid ဆိုတာ ရေတွင်ပျော်၀င်သော ဗီတာမင် B အုပ်စု၏ မျိုးကွဲတစ်ခုဖြစ်တဲ့ Vitamin B9 (Folate) မှရရှိတာဖြစ်ပါတယ်။ Folic Acid သည် ခန္ဓာကိုယ်ရှိ ဆဲလ်နှင့် တစ်သျူးများ၏ ဖွံဖြိုးမှုနှင့် လုပ်ငန်းဆောင်တာများတွင် ပါ၀င်ကူညီပေးပါတယ်။ RNA/DNA ထုတ်လုပ်ရေးတွင် အရေးပါပြီး သွေးနီဥ RBC ထုတ်လုပ်ရေးတွင် ကူညီပေးသည့် ဓာတ်တစ်မျိုးလည်းဖြစ်ပါတယ်။

Folic Acid သည် နေ့စဥ်စားသုံးနေကျ အစားအသောက်များထဲတွင် ပါရှိပြီး သဘာ၀မှ ရရှိနိုင်သည့် ဒြပ်ပေါင်းတစ်မျိုးဖြစ်ပါတယ်။ Folic Acid ကို အစိမ်းရင့်ရောင်ရှိသော ဟင်းနုနွယ်၊ ကန်စွန်းရွက်၊ ကိုက်လန်၊ ပန်းဂေါ်ဖီစိမ်း ကဲ့သို့သော ဟင်းသီးဟင်းရွက်များမှ ရရှိနိုင်ပါတယ်။ ပဲအမျိုးမျိုး၊ လိမ္မော်သီး၊ ဖရဲသီး၊ ငှက်ပျောသီး နှင့် ဖောလိတ်( Folate) ဓာတ်ဖြည့်စွက်ထားသော နို့၊ ပေါင်မုန့် စသည်တို့မှလည်း ရရှိနိုင်ပါတယ်။

Folic Acid သည် အမျိုးသမီးများအတွက် ဘာကြောင့် အရေးကြီးသလဲဆိုရင်….

– အမျိုးသမီးများ လစဥ် ဓမ္မတာလာခြင်းကြောင့် ကုန်ဆုံးသွားသော သွေးအားများကို ပြန်လည် ဖြည့်ဆည်းပေးပါတယ်။ ဓမ္မတာ ကိုက်ခဲနာကျဥ်ခြင်းများကို သက်သာစေပါတယ်။

– Folic Acidသည် သွေးနီဥထုတ်လုပ်ရာတွင် ကူညီပေးသည့်အတွက် သံဓာတ်ချို့တဲ့မှုကြောင့် ဖြစ်သော သွေးအားနည်းခြင်းမှ ကာကွယ်ပေးပါတယ်။

– ကိုယ်၀န်မဆောင်မီနှင့် ကိုယ်၀န်ဆောင်စဥ်ကာလမှာ Folic Acid ကို သောက်သုံးပေးခြင်းဖြင့် ရင်သွေးငယ်၏ ဦးနှောက်ဖွံဖြိုးမှုကို အထောက်အကူပြုစေပါတယ်။ Folic Acid ချို့တဲ့ခြင်းကြောင့် ဖြစ်သော Neural Tube Defects လို့ခေါ်တဲ့ ဦးနှောက်နှင့် အာရုံကြောမကြီး ချွတ်ယွင်းမှုများကို ကာကွယ်ပေးနိုင်ပါတယ်။

– ဗိုက်အတွင်းရှိ ကလေးအား မွေးရာပါ ချို့ယွင်းချက်များဖြစ်သော နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲနှင့် ကိုယ်လက်အဂင်္ါချွတ်ယွင်းမှုများမှ ကာကွယ်ပေးပြီး ရင်သွေးငယ် ကောင်းစွာ ဖွံဖြိုးကြီးထွားစေဖို့အတွက်လည်း အထောက်အကူပြုစေပါတယ်။

– ကိုယ်၀န်ဆောင်မိခင်များ ကိုယ်၀န်ဆိပ်တက်ခြင်း၊ လစဥ်မစေ့ဘဲ မွေးခြင်း၊ ပျက်ကျခြင်းတို့ မဖြစ်အောင်ကာကွယ်ပေးပါတယ်။

– လေဖြတ်ခြင်း၊ နှလုံးရောဂါ၊ ကင်ဆာရောဂါနှင့်မှတ်ဥာဏ်လျော့နည်းခြင်းများမှ ကာကွယ်ပေးနိုင်ပါတယ်။

– Folic Acid ချို့တဲ့ အားနည်းခြင်းကြောင့်

  • သံဓာတ်အားနည်းခြင်း
  • သွေးအားနည်းခြင်း
  • မောပန်းနွမ်းနယ်ခြင်း
  • အစားအသောက်ပျက်ခြင်း
  • ကိုယ်အလေးချိန်ကျခြင်း
  • ရင်တုန်ခြင်း တို့ကိုဖြစ်စေနိုင်ပါတယ်။

– အမျိုးသမီးတစ်ယောက်ဟာ Folic Acidကိုတစ်နေ့လျှင် 400 mcg လိုအပ်ပြီး ကိုယ်၀န်ဆောင် အမျိုးသမီးများမှာတော့ တစ်နေ့လျှင် 400 mcg  မှ 800 mcgလောက်ထိ လိုအပ်ပါတယ်။ ကိုယ်၀န်ဆောင်ရန် အစီအစဥ်ရှိသော အမျိုးသမီးများ ၊ ကိုယ်၀န်ဆောင် မိခင်လောင်းများအနေဖြင့် ဆရာ၀န်နှင့် တိုင်ပင်ပြီး ညွှန်ကြားထားသည့် ပမာဏအတိုင်း တိကျစွာ သောက်သုံးသင့်ပါတယ်။

စူးရှမေ